မလေးရှားသီတင်း

Eleven ရဲ့ မလေးရှားသတင်းပါ
==================
အကြမ်းဖက် သတ်ဖြတ်မှုများ လက်ရှိအချိန်အထိ ဖြစ်ပွားနေသော
မလေးရှားနိုင်ငံတွင် ဇွန် ၈ ရက်အထိ သေဆုံးသူ မြန်မာလူမျိုး ခြောက်ဦး
ရှိသွားပြီဖြစ်ပြီး မလေးရှားရှိ ဆေးရုံများတွင် အတွင်းလူနာ ၁၂ ဦးအထိ
တင်ပို့ကုသ ထားရကြောင်း မလေးရှားနိုင်ငံ၊ ကပုန်း နာရေးကူညီမှု အသင်းဥက္ကဋ္ဌ
ဦးဆန်းဝင်းက ဆိုသည်။
သေဆုံးသူ မြန်မာလူမျိုး ခြောက်ဦး၏
ရုပ်အလောင်းများကို ဇွန် ၉ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁၁ နာရီခွဲအထိ
သင်္ဂြိုဟ်ခွင့် မရသေးဘဲ ထိုသို့ဖြစ်ရခြင်းမှာ မြန်မာပြည်မှ ထွက်လာကတည်းက
စာရွက်စာတမ်း မပြည့်စုံမှုနှင့် မြန်မာနိုင်ငံရှိ နိုင်ငံခြားရေး
ဝန်ကြီးဌာန၏ သင်္ဂြိုဟ်ခွင့် ပြုရန်ဆိုသော အကြောင်းကြားစာ မလေးရှားရှိ
မြန်မာသံရုံးသို့ မရောက်ရှိသေးခြင်းကြောင့်ဟု ၎င်းကဆိုသည်။
"မေ ၃၀
ရက်ကတည်းက မလေးရှားရောက် မြန်မာတွေ အသတ်ခံနေရတာ ဒီနေ့အထိပဲ၊ အဲဒီ
အလောင်းတွေ ခုထိ မသင်္ဂြိုဟ်ရသေးဘူး၊ ဆေးရုံ အသီးသီးမှာ ထားတယ်၊ အဲဒီ
သေတဲ့သူတွေက မြန်မာပြည်က ထွက်လာတည်းက အိမ်ထောင်စု စာရင်းတို့၊
မှတ်ပုံတင်တို့ မပြည့်စုံလို့ လို့ပြောတယ်၊ နောက်ပြီး မလေးရှားမှာရှိတဲ့
မြန်မာသံရုံးရဲ့ သတ်မှတ်ချက်မှာကလည်း ခုလိုရွှေ့ပြောင်း အလုပ်သမားတွေကို
အထောက်အထား ခိုင်လုံသည်ဖြစ်စေ၊ မခိုင်လုံသည်ဖြစ်စေ၊ သင်္ဂြိုဟ်ခွင့်စာအုပ်
ထုတ်ပေးခွင့် မရှိဘူးလို့ ကြားတယ်" ဟု ပြောကြားသည်။
ထို့အတွက်
မြန်မာနိုင်ငံရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သင်္ဂြိုဟ်ခွင့် ပြုသည်ဆိုသည့်
အကြောင်းကြားစာကို မလေးရှားနိုင်ငံ၊ မြန်မာသံရုံးသို့ ပို့ဆောင်ပေးရမည်
ဖြစ်သည်။ ယင်းနောက် မြန်မာသံရုံးမှ ယခု ရုပ်အလောင်းများကို သင်္ဂြိုဟ်ပေးရန်၊
ကပုန်း နာရေးကူညီမှု အသင်းသို့ ညွှန်ကြားလာပါက ၎င်းတို့မှ ချက်ချင်းသင်္ဂြိုဟ်
ပေးမည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ကိုဆန်းဝင်းက ဆိုသည်။
ယခု
ခြောက်ဦးမြောက် အသတ်ခံရသူမှာ ခရစ်ယာန် ဘာသာဝင်၊ ကရင်လူမျိုး စောဘာဘလူဂေး
(အသက်၂၀နှစ်) (မြန်မာနိုင်ငံ၊ ငပုတောမြို့တွင် နေထိုင်ခဲ့သူ) ဖြစ်ပြီး
၎င်းအပါအ၀င် ကရင်လူမျိုး၊ ခရစ်ယာန် ဘာသာဝင်လေးဦး ဈေးဝယ်ထွက်လာစဉ် မွတ်စလင်
အကြမ်းဖက်များ၏ ထိုးကြိတ်ရိုက်နှက်မှုကို ခံရရင်း ဆေးရုံ၌ ကွယ်လွန်သွားခြင်း
ဖြစ်သည်ဟု သိရသည်။
"သူတို့ လေးဦးက ဇွန် ၇ ရက်နေ့မှာ အကြမ်းဖက်
ခံလိုက်ရတာ၊ နှစ်ဦးက ဆေးရုံမှာ အရေးပေါ် လူနာဌာနမှာ တင်ထားရတယ်၊
အဲဒီနှစ်ဦးအနက် စောဘာဘလူဂေး (အသက် ၂၀)နှစ်က ဇွန် ၈ ရက် (စနေနေ့)
(မလေးရှားစံတော်ချိန်) မွန်းလွဲ ၁ နာရီမှာ သေဆုံးသွားတာ ဖြစ်တယ်။ သူက
မလေးရှားမှာ တရားဝင် စာရွက်စာတမ်းနဲ့ ရောက်လာတာ လေးရက်ပဲ ရှိသေးတယ်။ ခုလို
အကြမ်းဖက်မှုတွေ ဖြစ်နေတုန်းကို ရောက်လာတာ" ဟု ကိုဆန်းဝင်းက ဆိုသည်။
ထို့ကြောင့် မလေးရှားရောက် မြန်မာလူမျိုးများ အသတ်ခံနေရမှုမှာ အကြမ်းဖက်မှု
စတင်ဖြစ်ပွားခဲ့သည့် မေ ၃၀ ရက်တွင် တစ်ဦး၊ မေ ၃၁ ရက်တွင် တစ်ဦး၊ ဇွန် ၂
ရက်တွင် တစ်ဦး၊ ဇွန် ၇ ရက်တွင် တစ်ဦး၊ ဇွန် ၈ ရက်တွင် နှစ်ဦးနှင့်
စုစုပေါင်း ခြောက်ဦးရှိသွားပြီ ဖြစ်သည်။
"ဇွန် ၇ ရက်
(သောကြာနေ့)မှာ ကလန်းအူထာမ အမှိုက်ပုံမှာ မြန်မာတစ်ဦးရဲ့ အလောင်းကို
တွေ့ရတယ်။ သတ်ပြီးတော့ အမှိုက်ပုံမှာ လာပစ်ထားပုံ ရတယ်။ လည်ပင်းကို
ဓားနဲ့လှီးထားတာ တွေ့ရတယ်" ဟု ဦးဆန်းဝင်းက ဆိုသည်။
ထို့ပြင် ဇွန်
၇ ရက်၊ သောကြာနေ့ကလည်း ဆွန်ဂိုင်းဘက်ဆီ ဒေသတွင် နေအိမ်အတွင်း
ရခိုင်လူမျိုးများ အိပ်ပျော်နေစဉ် အကြမ်းဖက် သမားများက နေအိမ်အတွင်းသို့
spray များဖြင့် ဖြန်းခဲ့ကြောင်း၊ spray အငွေ့ဒဏ် မခံနိုင်၍
ပြေးထွက်လာသူများကို အကြမ်းဖက် သမားများက ဓားများဖြင့်
ဝိုင်းခုတ်ကြကြောင်း၊ ဓားဖြင့် အခုတ်ခံရ၍ ကိုခင်မောင်ဝင်းဆိုသူမှာ
လက်ရှိတွင် ဆေးရုံအတွင်းလူနာအဖြစ် တင်ပို့ကုသ ထားရပြီး
နှစ်ဦးပျောက်ဆုံးလျက် ရှိကြောင်း သိရသည်။
လက်ရှိတွင်
မလေးရှားရောက် မြန်မာ အလုပ်သမားများ၏ အသက်အန္တရာယ်မှာ နိစ္စဓူဝ စိုးရိမ်စရာ
အခြေအနေတွင် ရှိနေပြီး မြန်မာသံရုံး၏ အကူအညီ လုံးဝမရရှိကြောင်း
ဦးဆန်းဝင်းက ပြောကြားသည်။
"ကွာလာလမ်ပူ လမ်းတွေပေါ်မှာ လုံးဝ
အသွားအလာ မရှိဘဲ ခြောက်ကပ်နေတယ်။ မြန်မာအလုပ်သမား အများစု အလုပ်မဆင်း
ကြတော့ဘူး။ မြန်မာပြည်ကိုလည်း ဘယ်သူမှ ငွေမလွဲနိုင် ကြတော့ဘူး၊ အကြမ်းဖက်
သမားတွေ ဘယ်နေ့လာသတ် မလဲလို့ပဲ စိုးရိမ်တကြီး ဖြစ်နေကြတယ်" ဟု ၎င်းက ဆိုသည်။
သံရုံးတာဝန် ရှိသူများ အနေဖြင့် မလေးရှားရောက် မြန်မာအလုပ်သမားများ၏
လုံခြုံရေးကို တာဝန်မယူ နိုင်သော်လည်း အထောက်အထား ရှိသည်ဖြစ်စေ၊
မရှိသည်ဖြစ်စေ အော်ပရာစီဝင်၍ မြန်မာအလုပ်သမားများ နေ့စဉ်လို အဖမ်းဆီး
ခံနေရသည်ဟု သိရသည်။
"မြန်မာတွေကို ဖမ်းတယ်။ အဖမ်းခံထားရတဲ့
မြန်မာတွေကိုင်တဲ့ အိုင်ဖုန်း၊ ဂလက်ဆီ ဖုန်းတို့ကို ရဲတွေက သိမ်းတယ်။
ပြန်မပေးဘူး။ ဖုန်းသိမ်းလို့ မရတဲ့ မြန်မာတွေဆီက မလေးရင်းဂစ် ၂၀-၂၅
တောင်းတယ်။ ရင်းဂစ် ၂၀-၂၅ ဆိုတာ မလေးရှားမှာ မြန်မာအလုပ်သမား တစ်ယောက်ရဲ့
တစ်နေ့လုပ်အားခ ရှိတယ်" ဟု မလေးရှားမှ မြန်မာအလုပ်သမား တစ်ဦးက ဆိုသည်။
၎င်းကပင် "အရင်ကဆိုရင် မြန်မာအလုပ်သမားတွေ အထောက်အထား ပြည့်စုံရင်
ပြန်လွှတ်ပေးတယ်။ အခု အင်္ဂါနေ့ ဇွန် ၃ ရက် ကတည်းကစပြီး အထောက်အထား
ပြည့်စုံလည်း ချက်ချင်းပြန်လွှတ် မပေးဘူး၊ သုံးပတ်ကြာမှ သက်ဆိုင်ရာ
စက်ရုံအလုပ်ရုံ သူဌေးတွေက အာမခံပြီး ပြန်လာထုတ်ရတယ်" ဟု ဆိုသည်။
ထို့ပြင် လက်ရှိတွင် မလေးရှားနိုင်ငံရှိ ဆေးရုံအသီးသီးတွင် မြန်မာအလုပ်သမား
၁၂ ဦး အတွင်းလူနာအဖြစ် တက်ရောက်ကုသ နေရပြီး ၎င်းတို့ အခြေအနေမှာလည်း
စိုးရိမ်စရာ ရှိနေကြောင်း၊ မလေးရှားနိုင်ငံ ဆေးရုံများ၏ လုံခြုံရေးအရ
မြန်မာအလုပ်သမားများ တက်ရောက်ကုသ နေရသော ဆေးရုံအမည်များကို
လျှို့ဝှက်ထားရကြောင်း၊ ယခုသေဆုံးသူ မြန်မာအလုပ်သမား ခြောက်ဦးတွင်
ဗုဒ္ဓဘာသာဝင် ငါးဦး၊ ခရစ်ယာန် ဘာသာဝင် တစ်ဦးဖြစ်ကြောင်း ကပုန်း
နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ကိုဆန်းဦးက ပြောကြားသည်။
အဖြူရောင်သူငယ်ချင်း fb မှ
No comments:
Post a Comment